အချစ်စစ်လား စွဲလမ်းလွန်ခြင်းတာလား
သီချင်းတွေ၊ ကဗျာတွေမှာ ချစ်ခြင်းမေတ္တာနဲ့ စွဲလမ်းစိတ်ကို အပြန်အလှန်ဆက်နွယ်နေတဲ့ ခံစားချက်တစ်ခုလို ပုံဖော်ရေးဖွဲ့တတ်ကြပေမဲ့ တကယ်တမ်းမှာ ဒီနှစ်မျိုးဟာ ကွဲပြားခြားနားတဲ့ စိတ်ခံစားချက်တွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ်လူငယ်တွေမှာ စွဲလမ်းစိတ်ကို ချစ်ခြင်းမေတ္တာအဖြစ် ခေါင်းစဉ်တပ်ရင်း ကိုယ့်ကိုယ်ကိုရော တွဲနေတဲ့သူကိုပါ ပူလောင်မှု၊ ဒုက္ခမှု၊ ထိခိုက်စေမှုတွေ ပေးရင်း နောက်ဆုံး Relationship တစ်ခုလုံး ပျက်သွားစေတဲ့အထိ လောင်မြိုက်နေတာကို တွေ့ရတတ်ပါတယ်။ ကိုယ့်ကိုယ်ရော မေးဖူးလား? တကယ်ချစ်နေတာလား စွဲလမ်းလွန်နေတာလားဆိုပြီးပေါ့လေ ...
ချစ်ခြင်းမေတ္တာဆိုတာ ဘာလဲ
ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လို့ အမျိုးမျိုး အဖုံဖုံ အဓိပ္ပါယ်ဖွဲ့ဆိုတတ်ကြပေမဲ့ ကျန်းမာရေးရှုထောင့်နဲ့ လူနေမှုပုံစံကနေ ကြည့်မယ်ဆိုရင် လူနှစ်ဦးကြားက Healthy ဖြစ်တယ်၊ ကျန်းမာတယ်ဆိုတဲ့ သဘောကို သက်ရောက်စေတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာကို ခံစားနေရတဲ့သူတစ်ယောက်အနေနဲ့
- မေတ္တာပေးလိုက်သူရော ရယူသူမှာပါ အေးချမ်းပျော်ရွှင်နေမယ်
- အနားမှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နွေးထွေးလုံခြုံနေတဲ့ ခံစားချက်ကို ရနေမယ်
- လူတွေအပေါ်မှာ ပိုပြီး အကြင်နာတရား ထားတတ်လာမယ်
- အားအင်ပြည့်ဝလို့ လန်းဆန်းတက်ကြွနေမယ်
- နေ့ရက်တိုင်းမှာ မျှော်လင့်ချက်တွေအပြည့်နဲ့ မနက်ဖြန်တွေကို အကောင်းဆုံးဖြတ်ကျော်ချင်စိတ် ဖြစ်နေမယ်
- ဘဝမှာ နေရတာ အဓိပ္ပါယ်ရှိတယ်လို့ ခံစားနေရမယ်
- အကောင်းမြင်စိတ်တွေ ပိုဖြစ်လာပြီး စိတ်ဖိစီးမှုဒဏ် ခံစားရတာကို သက်သာစေတယ်
- ကိုယ်ချစ်ရတဲ့သူအပေါ် ယုံကြည်မှုအမြဲရှိနေမယ်
- လူတစ်ဖက်သားကို ချုပ်နှောင်ခြင်းမရှိဘဲ အရှိကို အရှိအတိုင်း နားလည်ပေးပြီး ချစ်ပေးနေမယ်
- ညှိနှိုင်းတိုင်ပင်လိုစိတ်ရှိပြီး အေးအတူ၊ ပူအမျှ နေနိုင်မယ်
- မှီခိုမှုကင်းပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သလို ကိုယ်ချစ်တဲ့သူရဲ့ ဘဝကို အခုထက်ပိုကောင်းလာစေဖို့ ကြိုးစားချင်စိတ်တွေ အမြဲဖြစ်နေမယ်
- ပြဿနာရှာတာထက် ဖြစ်နေတဲ့ပြဿနာအတွက် ဘယ်လိုဖြေရှင်းလို့ရမလဲဆိုတဲ့ နည်းလမ်း၊ အဖြေကိုပဲ ရှာဖွေနေမယ်
- ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာနဲ့ပတ်သက်လို့ ရှက်ရွံ့စိတ်၊ အားငယ်စိတ်တွေမရှိဘဲ အမြဲတမ်း ဂုဏ်ယူနေမယ်
စွဲလမ်းစိတ်ဟာ ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုကွာသွားလဲ
Obsession လို့ခေါ်တဲ့ စွဲလမ်းစိတ်မှာ ချစ်ခြင်းမေတ္တာနဲ့ လုံးဝဆန့်ကျင်ဘက် ကွဲထွက်နေတဲ့ အဆိပ်အတောက်လက္ခဏာတွေကို မြင်ရမယ်။ တချို့တွေမှာ အစွဲအလမ်းကြီးတာကို အချစ်ကြီးတယ်လို့ ခေါင်းစဉ်တပ်ရင်းကနေ Toxic ဖြစ်လွန်းတဲ့ Relationship တွေကို ဖန်တီးတတ်ကြပါတယ်။ စွဲလမ်းမှုလွန်ကဲနေသူတစ်ယောက်မှာ အတွေ့များတဲ့ လက္ခဏာတွေကတော့
- အေးချမ်းမှုကို လုံးဝမခံစားရဘဲ အချိန်တိုင်းလိုလို ပူလောင်နေခြင်း၊ ပူဆွေးနေခြင်း၊ ရတက်မအေးဖြစ်ခြင်း
- ကိုယ်ချစ်တဲ့သူအပေါ် စိတ်ခံစားချက်ပိုင်းဆိုင်ရာ အားပေးကူညီမှု မလုပ်ပေးခြင်း
- ချစ်တဲ့သူအပေါ် အတိတ်ကို အကြောင်းပြလို့ အမြဲတမ်း သံသယဝင်ပြီး ယုံကြည်မှုလုံးဝမရှိခြင်း
- သဝန်တိုလွန်ကဲစိတ်နဲ့ ချစ်ရသူကို အတင်းချုပ်နှောင်ထိန်းချုပ်ပြီး စိတ်ထဲအနေရကျပ်အောင် လုပ်တတ်ခြင်း
- အာဃာတ၊ အငြိုးအတွေးကြီးပြီး အပြန်အလှန် လေးစားမှုမရှိခြင်း
- အပေးမရှိဘဲ အယူပဲရှိခြင်း
- တစ်ဖက်သားပြောတဲ့စကားကို အလေးအနက်မထားတတ်ခြင်း
- ကိုယ့်အတွက်ကို လုံးဝမတွေးမိဘဲ ချစ်သူအကြောင်းကိုပဲ အချိန်ပြည့်တွေးတောနေတတ်ခြင်း ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုပဲ တွေးမိနေတတ်ခြင်း
- ပြဿနာကို ဖြေရှင်းဖို့မကြိုးစားဘဲ ပိုဆိုးလာအောင် နည်းမျိုးစုံနဲ့ ဖန်တီးတတ်ခြင်း
- ကြိုးစားချင်စိတ်မရှိဘဲ ကိုယ်ကောင်းဖို့အတွက်ပဲ ကြိုးစားခြင်း
- တစ်ဖက်သားမရှိရင် ကိုယ့်ဘဝကို အဆင်မပြေနိုင်တော့ဘူးဆိုတဲ့အတွေးနဲ့ အလွန်အကျွံ မှီခိုဖို့ကြိုးစားခြင်း
- ကိုယ့်ချစ်သူကို လိုချင်တဲ့ပုံစံခွက်ထဲဝင်အောင် အတင်းအဓမ္မပုံသွင်းတတ်ခြင်း
- နားလည်ခွင့်လွှတ်ပေးမှုမရှိခြင်း
- အားနည်းချက်ကို ဆုပ်ကိုင်လို့ ကိုယ့်နားကလုံးဝထွက်မသွားအောင် လုပ်တတ်ခြင်း စတဲ့ အပြုအမူတွေကို မကြာခဏဆိုသလို တွေ့ရတတ်ပါတယ်။
စွဲလမ်းစိတ်ကြီးသူတွေဟာ မကြာခဏဆိုသလို အချစ်ရေးမတည်မြဲတတ်သလို၊ မြဲတဲ့ Relationship မှာလည်း ချစ်သူနှစ်ဦးလုံး အမြဲတမ်းပူလောင်လို့ ချစ်တဲ့စိတ်တွေ မရှိသလောက်နည်းသွားပြီး စွဲလမ်းစိတ်တွေနဲ့ပဲ အပြန်အလှန်ချည်နှောင်တတ်ကြတာမျိုးတွေကို တွေ့ရတတ်ပါတယ်။ စွဲလမ်းစိတ်ဟာ ကိုယ်ကြီးပြင်းလာခဲ့တဲ့ ဘဝနေထိုင်မှုပုံစံနဲ့လည်း သက်ဆိုင်သလို စိတ်ဒဏ်ရာကြောင့် နောက်ဆက်တွဲဖြစ်လာတဲ့ စိတ်ကျန်းမာရေးပြဿနာတစ်ခုလည်း ဖြစ်နိုင်တဲ့အတွက် ကိုယ့်မှာ ဒါမှမဟုတ် ကိုယ်ချစ်ရသူမှာ စွဲလမ်းစိတ်ကြီးနေတာကို သိရင် စောစီးစွာ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ သေချာပြသကြည့်သင့်ပါတယ်။
ရဲမျိုးမြတ်